အသင်း အနေနှင့် (၃)ယောက်တန်း ခံစစ်ဖြင့် ကစားသည့် ပုံစံနှင့် အံဝင် လာချင်ကို သဘောကျ နှစ်သက်ကြောင်း ဘာစီလိုနာ ခံစစ်မှူး ဂျရတ် ပီကေးက ပြောကြားလိုက်သည်။
နည်းပြ ဂျိုးဆက် ဂွာဒီယိုလာ လက်ရှိသုံးစွဲ နေသော (၃-၄-၃) ပုံစံသည် အိမ်ကွင်းပွဲစဉ် များတွင် ကျင့်သုံးရန် အသင့်တော်ဆုံး ဖြစ်နေကြောင်းလည်း ပီကေးက ဆိုသည်။ ဘာစီလိုနာ သည် ပီကေးနှင့် အသင်းခေါင်းဆောင် နောက်ခံလူ ကားလက်စ် ပူယိုးလ်တို့ မကစားနိုင် ချိန်တွင် နောက်တန်း(၃)ယောက်ထားကာ ကွင်းလယ်တွင် ကစားသမား တစ်ဦးစာ နေရာ ပိုပေးသည့် ပုံစံဖြင့် စမ်းသပ်ကစား ခဲ့သည်။ ထိုအခြေ အနေတွင် ဘာစီလိုနာ အတွက် ရိုက်ခတ်မှု အချို့ ရှိခဲ့ပြီး ကွင်းလယ်လူ
ဇာဗီ ဟာနန်ဒက်ဇ် ကလည်း နောက်တန်း(၃)ယောက် ပုံစံကြောင့် ခံစစ်တွင် လစ်ဟာမှုများ ရှိလာနိုင်ကြောင်း ၀န်ခံပြောကြား ခဲ့သည်။
သို့သော် ပီကေးကမူ အက်သလက် တီကို မက်ဒရစ်အား စနေနေ့က (၅-၀)ဖြင့် အနိုင်ရ ပြီးနောက် အိမ်ကွင်းပွဲစဉ် များအတွက် (၃-၄-၃)ကိုသာ အဓိက သုံးစွဲသွား သင့်ကြောင်း ထောက်ခံခဲ့သည်။ “ဒီစနစ်က အရမ်းအဆင် ပြေနေပါတယ်။ ကျွန်တော်တို့ အသင်းဟာ တိုက်စစ် ဆင်နေဖို့ အမြဲတမ်း အားသန်နေပြီး နူးကမ့်ကို လာကစားတဲ့ အသင်းတွေဟာ ဒီကစား ကွက်ကြောင့် ပိုပြီးတော့ ခံစစ်မှာ အချိန်ကုန် နေရမှာပါ” ဟု ပီကေးက ပြောကြားခဲ့သည်။ ပီကေးသည် တံကောက်ကြော ဒဏ်ရာကြောင့် သီတင်းပတ် အတော်များများ အနား ယူနေခဲ့ရ ပြီးနောက် အက်သလက် တီကိုနှင့် ပွဲစဉ်တွင် လူစားလဲ ပါဝင်ခဲ့သည်။
အသက်(၂၄)နှစ်ရှိ နောက်ခံလူက အသင်းအတွက် ပြန်ကစား နိုင်ခြင်းကို ၀မ်းသာကြောင်းလည်း ပြောဆိုခဲ့သည်။ “ကွင်းထဲကို ၀င်သွားရတိုင်း ခံစားမှု ကတော့ တကယ့်ကို ကြီးကျယ်လွန်း ပါတယ်။ ကျွန်တော် ပြန်ကစား နိုင်ချိန်မှာ မြန်နှုန်းတော့ နည်းနည်း ကျနေတယ်လို့ ထင်ပါတယ်။ ဒါကို တဖြည်းဖြည်း ပြန်မြှင့်တင် သွားရမှာပါ” ဟု ပီကေးက ပြောကြားသွားသည်။
http://soccermyanmar.com/ မှ တဆင့်ကူးယူတင်ပြသည် ။

No comments:
Post a Comment