Wednesday, January 11, 2012

ကမ္ဘာ့ အကောင်းဆုံး ဆုကို အသင်းဖော် တွေနဲ့ မျှဝေလိုတဲ့ မက်ဆီ

ဘာစီလိုနာ အသင်း တိုက်စစ်မှူး မက်ဆီက မိမိ ရရှိခဲ့သော ၂၀၁၁ FIFA Ballon d’Or ဆု(ကမ္ဘာ့ အကောင်းဆုံး ကစားသမားဆု)ကို အသင်းဖော် များနှင့် မျှဝေ ခံစားလိုကြောင်း ပြောဆို လိုက်သည်။
အာဂျင်တီးနား တိုက်စစ်မှူး မက်ဆီသည် တနင်္လာနေ့က ဆွစ်ဇာလန်နိုင်ငံ၊ ဇူးရစ်မြို့တွင် ကျင်းပသော ၂၀၁၁ FIFA Ballon d’Or ဆုပေးပွဲ အခမ်း အနားတွင် အသင်းဖော် ဇာဗီနှင့် ရီးယဲလ် တိုက်စစ်မှူး စီရော်နယ်ဒို တို့ကို ကျော်ဖြတ်ကာ အကောင်းဆုံး ကစားသမား ဆုကို (၃)နှစ် ဆက်တိုက် ဆွတ်ခူးနိုင် ခဲ့သည်။ ၂၀၀၉၊ ၂၀၁၀ ခုနှစ်များ ကလည်း အကောင်းဆုံး ဆုကို ဆွတ်ခူးနိုင် ခဲ့သော မက်ဆီသည် ပြင်သစ် ဂန္တ၀င် ကစားသမား ပလာတီနီ ပြီးနောက် ယင်းဆုကို (၃)နှစ်ဆက် ဆွတ်ခူးနိုင်သော ဒုတိယမြောက် ကစားသမား အဖြစ် မှတ်တမ်းဝင် ခဲ့သည်။
မက်ဆီသည် အကောင်းဆုံးဆု အတွက် ထောက်ခံမဲ (၄၇.၈၈) ရာခိုင်နှုန်း ရရှိခဲ့သည်။ ဒုတိယရခဲ့သော စီရော်နယ်ဒိုသည် ထောက်ခံမဲ (၂၁.၆) ရာခိုင်နှုန်း ရခဲ့ပြီး တတိယဆုရှင် ဇာဗီမှာ (၉.၂၃) ရာခိုင်နှုန်း ရခဲ့သည်။
ဆုလက်ခံ ရရှိပြီးနောက် မက်ဆီက မိမိရရှိခဲ့သော ဆုကို အာဂျင်တီးနားနှင့် ဘာစီလိုနာ အသင်းဖော်များ အတွက် ရည်ရွယ် ကြောင်း၊ အထူး သဖြင့် ပြီးခဲ့သည့် (၃)နှစ်တွင် အကောင်းဆုံး ဆုအတွက် နောက်ဆုံး ဆန်ခါတင် စာရင်း၌ ပါခဲ့သော်လည်း ဆုမ ရရှိခဲ့သော ဘာစီလိုနာ အသင်းဖော် ဇာဗီနှင့် မျှဝေလိုကြောင်းပြော ဆိုခဲ့သည်။

မက်ဆီက “ ဒီဆုကို တတိယ အကြိမ် ရရှိခဲ့တဲ့ အတွက် အရမ်းပဲ ဂုဏ်ယူ ပျော်ရွှင်မိပါတယ်။ ဒီဆုကို  ကျွန်တော့်ရဲ့ နည်းပြ၊ ဘာကာ အသင်းဖော်၊ အာဂျင်တီးနား အသင်းဖော်တွေနဲ့ ဆုအတွက် ကျွန်တော့်ကို ထောက်ခံပေး ခဲ့တဲ့သူတွေ နဲ့ မျှဝေချင် ပါတယ်။ နောက်ပြီး အထူးသဖြင့် ကျွန်တော့်ရဲ့ သူငယ်ချင်း ဇာဗီနဲ့ မျှဝေ ခံစား ချင်ပါတယ်။ ဒီအခမ်းအနားကို သူနဲ့ကျွန်တော် တက်ရောက်ခဲ့တာ ဒါနဲ့ဆိုရင် (၄)ကြိမ် ရှိခဲ့ပါပြီ။ ကွင်းထဲမှာ သူနဲ့ အတူ ကစားရတာ ကျွန်တော် အရမ်းပျော် ပါတယ်။ ကျွန်တော်တို့ နောက်ထပ် အောင်မြင် မှုတွေကို  အတူ ဆွတ်ခူးနိုင်ဖို့ မျှော်လင့်မိ ပါတယ်” ဟုပြောဆို ခဲ့သည်။
http://www.myanmarstriker.com/  မှ တဆင့်ကူးယူတင်ပြသည်

No comments:

Post a Comment