Tuesday, October 11, 2011

မက်ဆီကြောင့် ခြေစွမ်း ပိုတက်လာကြောင်း ဗီလာဝန်ခံ

မိမိသည် လီယွန်နယ် မက်ဆီကြောင့် ပိုမိုကောင်းမွန် ပြည့်စုံသည့် ကစားသမား တစ်ဦး ဖြစ်ခွင့် ရလာကြောင်း ဘာစီလိုနာ တိုက်စစ်မှူး ဒေးဗစ် ဗီလာက ဖွင့်ဟ ပြောကြားလိုက်သည်။

ဘာစီလိုနာမှ အတွဲညီသည့် မက်ဆီနှင့် ဗီလာ


စပိန် လက်ရွေးစင် ဗီလာက (၂၀၁၀) ပြည့်နှစ်တွင် ဗလန်စီယာ အသင်းမှ နူးကမ့် ကွင်းကြီးသို့ ယူရိုသန်း(၄၀)ဖြင့် ရောက်ရှိလာပြီး ကတည်းက အသင်းဖော် မက်ဆီကြောင့် များစွာ တိုးတက်မှုများ
ရှိလာကြောင်း ပြောဆိုခဲ့သည်။ လက်ရှိတွင် ဗီလာသည် ဘာစီ လိုနာ၏ ထိုးစစ်ကြောင်းတွင် အခရာ အကျဆုံး ကစားသမား တစ်ဦးအဖြစ် ပါဝင်လျက် ရှိပြီး အာဂျင်တီးနား လက်ရွေးစင် မက်ဆီနှင့် အတွဲညီညီ ခြေစွမ်းပြလျက် ရှိသည်။ ဗီလာက မိမိသည် ဘာစီ လိုနာတွင် ကစားရင်း တိုက်စစ်တွင် ပိုမိုတာဝန် ယူရခြင်းအား နှစ်သက်ကြောင်းလည်း ဆိုသည်။

“ကျွန်တော့်မှာ တိုက်စစ်မှူး တစ်ယောက်ရဲ့ တာဝန်ထက် ပိုယူခဲ့ ရတာတွေ ရှိပါတယ်။ ဒါပေမဲ့ အဲဒါတွေ ကလည်း တိုက်စစ် ဆင်ဖို့ကိုပဲ ဦးတည်တာပါ။ ဒီမှာ အခြေကျပြီး ကောင်းကောင်း ကစားနိုင်တဲ့ အတွက် ဂုဏ်ယူ မိပါတယ်။ ဘာစီ လိုနာမှာ ပက်ဒရို ဟာနန်ဒက်ဇ်ဟာ ကျွန်တော့်ကို အများကြီး အထောက်အကူ ပြုနေတယ် ဆိုတာ ဘယ်တုန်းကမှ သံသယ မရှိပါဘူး။ ဒါပေမဲ့ ရိုးရိုးသားသား ၀န်ခံရရင် မက်ဆီရဲ့ ခြေစွမ်းက ကျွန်တော့် အတွက် ပိုပြီး အကူအညီ ဖြစ်စေခဲ့တာ အမှန်ပါ။ သူဟာ သိပ်ထူးချွန်တဲ့ ကစားသမား တစ်ဦးဖြစ်ပြီး မက်ဆီနဲ့ တွဲကစား ရတာကြောင့် ကျွန်တော့် ခြေစွမ်းဟာ ပိုပြီး တိုးတက် လာခဲ့တာပါ” ဟု ဗီလာက ထုတ်ဖော် ပြောဆို သွားခဲ့သည်။

No comments:

Post a Comment