အလက်ဆစ် ဆန်းချက်ဇ် ဒဏ်ရာမှ လျင်လျင်မြန်မြန် သက်သာ ကောင်းမွန် လာနေကြောင်း သတင်းသည် ဘာစီလိုနာ အတွက် စိတ်ကျေနပ် ပျော်ရွှင်စရာ ဖြစ်လာခဲ့သည်။
နွေရာသီတွင် အီတလီ ကလပ် အူဒီးနီးစ်မှ ပြောင်းရွှေ့လာသော တိုက်စစ်မှူးသည် မွေးရပ်မြေ ချီလီတွင် ဆေးကုသမှု ခံယူရင်း တဖြည်းဖြည်း အခြေအနေ တိုးတက် ကောင်းမွန်လာကြောင်း သိရသည်။ ၎င်းသည် နူးကမ့်တွင် အထင်ကြီးလောက်ဖွယ် အစကောင်း ခဲ့သော်လည်း တံကောက် ကြောဒဏ်ရာ ရရှိသွား ချိန်တွင် ကွင်းဘေး ထွက်ထိုင်ရင်း အချိန်ကုန် နေရသည်။ ယခုအခါ ဘာစီလိုနာ အသင်းက တရားဝင် ၀က်ဘ်ဆိုက်မှ တဆင့် ဆန်းချက်ဇ်တစ်ယောက် ချီလီတွင် ဆေးကုသမှု ခံယူရင်း တိုးတက်မှုများ ရှိလာကြောင်း အတည်ပြု ဖော်ပြခဲ့သည်။
စက်တင်ဘာလ (၁၀)ရက်နေ့က ရီးယဲလ် ဆိုစီဒက်နှင့် (၂)ဂိုးစီ သရေ ကျခဲ့သည့် ပွဲစဉ် ကတည်းက တံကောက်ကြော တင်းမာမှုကြောင့် ပွဲမကစား နိုင်ဘဲ အနားယူ နေရသော ဆန်းချက်ဇ်ကို မွေးရပ် နိုင်ငံတွင် သွားရောက် ကုသရန် ဘာစီလိုနာက ခွင့်ပြုခဲ့ပြီး ၎င်းအား အနီးကပ် ကြပ်မတ် စောင့်ရှောက်ရန် ဘာစီလိုနာ အသင်း၏ ဆရာဝန် များကိုပါ စေလွှတ် ပေးခဲ့သည်။ ယခုအခါ ကစား သမား၏ ဒဏ်ရာ အခြေအနေ တိုးတက် လာမှုကို ဆရာဝန် များက စပိန်နှင့် ဥရောပ ချန်ပီယံ အသင်းကြီးထံ အချိန်နှင့် တပြေးညီ အစီရင် ခံနေရသည်။
ဆန်းချက်ဇ်သည် စပိန် စူပါဖလား နှစ်ကျော့လုံးနှင့် ဥရောပ စူပါဖလား ပွဲစဉ်များတွင် ဘာစီလိုနာ အတွက် ကိုယ်စားပြု ပါဝင်ခဲ့သည်။ ၎င်းသည် လာလီဂါတွင် (၂)ပွဲကစားကာ (၁)ဂိုး သွင်းယူထား ခဲ့သည်။

No comments:
Post a Comment