Friday, September 16, 2011

အာဆင်နယ်ကို မဝေဖန်ခဲ့ကြောင်း ပြောဆိုလိုက်သည့် ဖာဘရီဂတ်စ်


ဘာစီလိုနာ ကွင်းလယ်လူ ဖာဘရီဂတ်စ်သည် ၎င်းအနေဖြင့် အသင်းဟောင်း အာဆင်နယ်ကို ဆုဖလားများနှင့်အတူ မြင်တွေ့ရန် မဖြစ်နိုင်သေးဟု ပြောကြား ခဲ့သည် ဆိုသည့် အားကစား မဂ္ဂဇင်းတစ်ခုမှ မှားယွင်း ဖော်ပြထားမှုအပေါ် ငြင်းဆို လိုက်သည်။
   ယခုနွေရာသီတွင် ၎င်း၏ ကစားသမား ဘ၀ စတင်ရာ ဘာစီလိုနာ အသင်းသို့ ပြန်ရောက် လာခဲ့သည့် အဆိုပါ စပိန် ကွင်းလယ်လူသည် အားကစား မဂ္ဂဇင်း တစ်ခုနှင့် တွေ့ဆုံခန်းတွင် ၎င်း၏ အသင်းဟောင်း အာဆင်နယ်ကို ဝေဖန် ပြောဆို ခဲ့သည်ဟု သတင်းများက ဆိုထားသည်။
   သို့သော် အသက် ၂၄ နှစ်အရွယ်ရှိ ဖာဘရီဂတ်စ်သည် ယင်းသတင်းကို ၎င်း၏ Twitter စာမျက်နှာပေါ်မှ နေ၍ ပြန်လည် ငြင်းဆို ခဲ့သည်။ ၎င်းက “ကျွန်တော့် အနေနဲ့ အာဆင်နယ် အသင်းအကြောင်းကို ဘယ်တော့မှ မကောင်းပြောတာမျိုး မလုပ် ခဲ့ပါဘူး။ အခုကိစ္စဟာ လူတွေ စိတ်ဝင်စားမှန်း သိလို့ မီဒီယာတွေက သူတို့ လိုရာ ဆွဲတွေးပြီး ရေးသားဖော်ပြနေကြတာပါ။
   ပရိသတ်တစ်ဦး အနေနဲ့ ကျွန်တော်လည်း အာဆင်နယ် အသင်းကို အောင်မြင် စေချင်ပါတယ်။ အောင်မြင်မှု မရလို့ အသင်းကနေ ထွက်လာခဲ့တာ မဟုတ်တဲ့ အပြင် အဲဒီ ကိစ္စလည်း ကျွန်တော့် ခေါင်းထဲမှာ ထည့်မထားပါဘူး။ အာဆင်နယ် ဟာ ကျွန်တော် ဘယ်သူဆိုတာကို မွေးထုတ် ပေးခဲ့တဲ့ အသင်း ဖြစ်ပါတယ်” ဟု ပြောကြားခဲ့သည်။
     အားကစား မဂ္ဂဇင်းတစ်ခုမှ ဖော်ပြရာတွင်
ဖာဘရီဂတ်စ်က လက်ရှိတွင် အာဆင်နယ်အသင်းသည် မန်ယူ၊ မန်စီးတီး၊ ချဲလ်ဆီး စသည့် အသင်းကြီးများကို  နှစ်ပေါင်းများစွာ ကြာသည်အထိ ကျော်ဖြတ်နိုင်ခြင်း မရှိသေးသလို  အဆိုပါ ကလပ်အသင်း နှင့်အတူ မိမိမှာလည်း အောင်မြင်မှုရရန် မဖြစ်နိုင်သေးဟု ပြောဆို ခဲ့ကြောင်း ဆိုထားသည်။

No comments:

Post a Comment