Friday, September 16, 2011

ဘာစီ လိုနာ၏ ဘဏ္ဍာရေး အခြေအနေ အားနည်းမှုများ ရှိနေဆဲဖြစ်



ဘာစီလိုနာ အသင်း အနေနှင့် အောင်မြင်မှု များစွာ ရရှိ နေသော်လည်း အသင်း၏ ဘဏ္ဍာရေး အခြေ အနေသည် အားနည်းမှုများ ရှိနေဆဲ ဖြစ်ကြောင်း ဘာစီလိုနာ၏ လက်ထောက် ဘဏ္ဍာ ရေးမှူးက ပြောကြားလိုက်သည်။


ဂျာဗီးယား ဖောစ်က စပိန်နှင့် ဥရောပ ချန်ပီယံ အသင်းကြီးသည် ဘဏ္ဍာရေး အနေ အထားတွင် သတိထား ရမည့် အခြေ အနေကို ကျော်လွန်နိုင်ခြင်း မရှိသေးကြောင်း ပွင့်ပွင့်လင်းလင်း ပြောကြားခဲ့သည်။ ဘာစီလိုနာ အနေနှင့် ကြွေးမြီ တင်ရှိမှု (၁၅)ရာခိုင်နှုန်း လျှော့ချလိုက် နိုင်သော်လည်း ဘဏ္ဍာရေး အတွက် သတိထား ကိုင်တွယ် နေရဆဲဟု ဖောစ်ကဆိုသည်။ ဘာစီ လိုနာသည် ပြီးခဲ့သည့် နှစ်က ယူရို သန်း(၄၃၀)ထိ ကြွေးတင် နေသော်လည်း ယခုနှစ်တွင် ယူရို (၃၆၄)သန်းသာ အကြွေးရှိ တော့သည်။ ဖောစ်က အဆိုပါ ကိန်းဂဏန်းကိုလည်း ဆက်လက် လျှော့ချနိုင်ရန် မျှော်လင့်ကြောင်း ပြောကြားသွားသည်။

“ကျွန်တော်တို့ အနေနဲ့ ငွေကြေးကို စီစစ်ဖို့ လိုပါတယ်။ အသင်းရဲ့ အောင်မြင်မှု ကြီးထွား လာတာနဲ့ အမျှ ကြွေးတွေကိုတော့ လျှော့ချ လိုက်နိုင် ပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့ရဲ့ ငွေရေးကြေးရေး အခြေ အနေဟာ ထိရှလွယ်တဲ့ အနေ အထားမှာပဲ ရှိနေ သေးတာပါ။ ကြွေးမြီ ပမာဏက အရမ်းမြင့်မား နေဆဲ ဖြစ်တာကို မေ့လို့ မရပါဘူး” ဟု ဖောစ်က ကလပ် အသင်းပိုင် ၀က်ဘ်ဆိုက်သို့ ပြောကြားခဲ့သည်။ “ကျွန်တော်တို့ဟာ ကြွေးတင်နေတဲ့ အန်ေအထားကို မလိုချင် ပါဘူး။ ဒါကြောင့် လျှော့ချနိုင်ဖို့ လုပ်ဆောင် နေတာပါ။ မျှတတဲ့ အခြေအနေ တစ်ခုထိ ရောက်ရှိလာဖို့ ကျွန်တော်တို့ ဆက်လုပ် နေတုန်းပါ။ အသင်းက ရှာတဲ့ ငွေတွေကို ဘဏ်တိုး အတွက်ချည်း ပေးနေရတာ အဆင် မပြေပါဘူး။ ကျွန်တော်တို့ အနေနဲ့ ၀င်ငွေပိုပြီး မြင့်မား လာဖို့လည်း လိုအပ်ပါတယ်” ဟု ဖောစ်က ရှင်းပြသွားသည်။ ဘာစီ လိုနာသည် ကြွေးမြီ တင်ရှိမှု များပြား နေသော်လည်း ဈေးကွက်အတွင်း ကစားသမား ၀ယ်ယူမှု အရှိန်အဟုန်ကို မလျှော့ချခဲ့ပေ။ နွေရာသီ အပြောင်းအရွှေ့ ကာလတွင် ဘာစီ လိုနာသည် ဆက်စ်ဖာ ဘရီဂက်စ်နှင့် အလက်ဆစ် ဆန်းချက်ဇ်တို့ကို ယူရိုသန်း(၆၀)မျှ အကုန် အကျခံ ၀ယ်ယူခဲ့သည်။

No comments:

Post a Comment