ဆက်စ် ဖာဘရီဂက်စ်သည် ဘာစီလိုနာ ကစားသမားသစ် တစ်ဦး အနေနှင့် ကျေနပ်စရာ စံချိန်သစ် တစ်ခုကို ပိုင်ဆိုင် လိုက်နိုင်ပြီ ဖြစ်သည်။
နွေရာသီ ဈေးကွက် ကာလကမှ အာဆင်နယ် အသင်းမှ ဘာစီလိုနာသို့ ပြောင်းရွှေ့လာသည့် ကစားသမားသည် ယခုအခါ (၄)ပွဲဆက် ဂိုးသွင်းနိုင်သည့် စံချိန်ကို တင်နိုင်ခဲ့သည်။ နူးကမ့် အခြေစိုက် ကလပ် အသင်းကြီးတွင် ကစားသမားသစ် တစ်ဦးအနေနှင့် ယင်းစွမ်းဆောင်မှုသည် စံချိန်သစ် တစ်ခု ဖြစ်လာခဲ့သည်။ အသက်(၂၄)နှစ်ရှိ စပိန် လက်ရွေးစင် ကွင်းလယ်လူသည် စက်တင်ဘာ (၂၁)ရက်နေ့ညက ဗလန်စီယာ အသင်းနှင့် မက်စ်တဲလား ကွင်းကြီးတွင် (၂)ဂိုးစီ သရေ ကျရာ၌ ဂိုးသွင်း နိုင်ခဲ့သည်။ ဘာစီလိုနာ၏ မဟာပြိုင်ဘက် ရီးယဲလ်မက်ဒရစ်သည်လည်း ရေးဆင်းနှင့် ဂိုးမရှိ သရေသာ ကစား နိုင်ခဲ့သည်။
အာဆင်နယ် အသင်း ခေါင်းဆောင်ဟောင်းနှင့် အတွဲ ညီနေသော အာဂျင်တီးနား လက်ရွေးစင် တိုက်စစ်မှူး လီယွန်နယ်လ် မက်ဆီက (၇၇)မိနစ်တွင် သွင်းယူသည့် ဖာဘရီဂက်စ်၏ ချေပဂိုး အတွက် အကွက်ဆင် ဖန်တီး ပေးခဲ့သည်။ ဘာစီလိုနာ အတွက် ပထမ ချေပဂိုးကို (၁၄)မိနစ်တွင် ပက်ဒရို ရိုဒရီဂွတ်ဇ်က သွင်းယူခဲ့သည်။ ဘာစီလိုနာသည် ယခု ပွဲစဉ်တွင် အိမ်ရှင် အသင်းအား နှစ်ကြိမ်တိုင် နောက်မှ လိုက်ကစားခဲ့ရသည်။ ဘာစီလိုနာ နောက်ခံလူ အဲရစ် အဘီဒယ်လ် ကိုယ့်ဂိုးကိုယ် သွင်းမိခဲ့သလို ပက်ဘလို ဟာနန်ဒက်ဇ်ကလည်း ဦးဆောင်ဂိုး သွင်းခဲ့ရာ ဘာစီလိုနာ အနေနှင့် အရှုံးကို ချေပရန်သာ ကြိုးစား နေခဲ့ရသည်။ ပွဲပြီးခါနီးတွင် ဗလန်စီယာ အသင်းမှ နောက်ခံလူ ဂျော်ဒီအယ်လ်ဘာ အနီကတ်ပြ ထုတ်ပယ်ခြင်း ခံခဲ့ရသည်။
ရီးယဲလ်သည် ပြီးခဲ့သည့် လာလီဂါ ပွဲစဉ်ကလည်း လီဗန်တေးကို အရေး နိမ့်ထားရာ ဟိုဆေးမော်ရင်ဟို လက်ထက်တွင် အမှတ်ပေး ပြိုင်ပွဲ (၂)ပွဲဆက် မနိုင်သည့် ပထမဆုံး မှတ်တမ်းကို လက်ခံ ခဲ့ရကြောင်း သိရှိရသည်။

No comments:
Post a Comment