ဆက်စ် ဖာဘရီဂက်စ်၏ ခြေစွမ်းသည် အာဆင်နယ်တွင် ကစားစဉ်ကထက် ဘာစီလိုနာတွင် ပိုမိုထက်မြက် တိုးတက်လာကြောင်း ဒေးဗစ် ဗီလာက ချီးကျူး ပြောကြားလိုက်သည်။
နူးကမ့်သို့ ရောက်ရှိပြီး တစ်လခန့် အကြာတွင် ဖာဘရီဂက်စ်၏ စွမ်းဆောင်မှု ကိုယ်ရည် ကိုယ်သွေးသည် သိသိသာသာ တောက်ပြောင် လာသည်ဟု ယုံကြည်ကြောင်း ဗီလာကဆိုသည်။
စပိန်လက်ရွေးစင် အသင်း၏ ဂိုးအများဆုံး သွင်းထားသော စံချိန်ရှင် တိုက်စစ်မှူးက မိမိ၏ ဘာစီလိုနာ ကစားဖော်သစ်သည် အသင်းအတွက် အကောင်းဆုံး ရလဒ်များ
ဆောင်ကြဉ်းပေးနိုင်မည်ဟု ယုံကြည်ကြောင်းလည်း ပြောဆိုခဲ့သည်။ “သူဟာ မွေးရပ်မြေနဲ့ အဝေးကြီးမှာ အချိန် တော်တော်များများ သွားနေခဲ့ပါတယ်။ သူအဲဒီမှာ တိုးတက်လာတယ်၊
ကြီးပြင်းလာတယ်။ ဒါပေမဲ့ လာမာစီယာ ကျောင်းထွက် တစ်ယောက်အတွက် ဘာစီလိုနာကို ပြန်လာချင်တာဟာ နှလုံး သွေးကြောထဲထိ ရှိနေမှာပါ” ဟု ဗီလာက Marca သို့ ပြောကြားခဲ့သည်။
“သူဟာ အာဆင်နယ်နဲ့ အတူ ခမ်းနား ကြီးကျယ်တဲ့ ကစားသမား တစ်ယောက် ဖြစ်လာခဲ့ပါတယ်။ ခုချိန်မှာတော့ သူဟာ ပိုပြီးတော့ တိုးတက် လာနေပါပြီ။ အကောင်းဆုံး ကစားသမားတွေနဲ့
တွဲကစားခွင့် ရခြင်းဟာ သူ့အတွက်လည်း ဘယ်လောက် အကျိုး ဖြစ်ထွန်းစေမယ် ဆိုတာ ဆက်စ်က ကောင်းကောင်း သဘောပေါက် နားလည် ထားပါတယ်။ တကယ်လည်း ဒီလိုဖြစ်တယ်
ဆိုတာ သက်သေ ပြနေတာပဲ မဟုတ်လား” ဟု ဗီလာက ပြောဆိုခဲ့သည်။ ၎င်းက ပြီးခဲ့သည့် သီတင်းပတ်တွင် ဘာစီလိုနာက အိုစာဆူနာအား (၈-၀)ဖြင့် အနိုင် ယူခဲ့ခြင်းကြောင့် မိမိတို့အသင်း
ယုံကြည်ချက်များ မြင့်တက် လာကြောင်းလည်း ဖွင့်ဟခဲ့သည်။
ဗုဒ္ဓဟူးနေ့ ညတွင် အသင်းဟောင်း ဗလန်စီယာ၏ မက်စ်တဲလား ကွင်းတွင် သွားကစား ရမည့် ပွဲစဉ်နှင့် ပတ်သက်ပြီး ဗီလာက “အိုစာဆူနာနဲ့ ပွဲမှာ အကောင်းဆုံး ကစား နိုင်ခဲ့သလို
ကျွန်တော်တို့တွေ ကိုယ့်ကိုယ်ကိုယ် ယုံကြည်စိတ် တိုးလာခဲ့ပါတယ်။ ဗလန်စီယာနဲ့ ပွဲကတော့ မက်စ်တဲလားမှာ ခက်ခက်ခဲခဲ ကစားရမယ် ထင်ပါတယ်” ဟု ပြောကြားသွားသည်။

No comments:
Post a Comment