ဂျိုးဆက် ဂွာဒီယိုလာ လက်ထက်တွင် ဘာစီလိုနာသည် သမိုင်းတစ်လျှောက် အကောင်းဆုံး အသင်း ဖြစ်လာကြောင်း အသင်း ဥက္ကဋ္ဌ ဆန်ဒရို ရိုဆဲလ်က ကြွေးကြော်လိုက်သည်။
ဥရောပနှင့် ကမ္ဘာ့ချန်ပီယံ ကလပ် အသင်းကြီးသည် လွန်ခဲ့သည့် (၃)နှစ်တာ ကာလအတွင်း နည်းပြ ဂွာဒီယိုလာ၏ ဦးဆောင်မှုနှင့် အတူ အကြီးကျယ်ဆုံးသော အောင်မြင်မှုများကို ရရှိခဲ့သည်။ ပြီးခဲ့သည့် သီတင်းပတ်ကုန်ကလည်း လီယွန်နယ်မက်ဆီ၊ ဇာဗီဟာနန်ဒက်ဇ်၊ ဆက်စ်ဖာဘရီဂက်စ် တို့၏ သွင်းဂိုးများနှင့် အတူ ဂျပန်မြေတွင် တောင်အမေရိက ချန်ပီယံ ဆန်းတို့စ်ကို ချေမှုန်းကာ ကမ္ဘာ့ကလပ် ချန်ပီယံ ဘွဲ့ကို ထိုက်တန်စွာ ရယူခဲ့ပြီးနောက် ရိုဆဲလ်က ယခုလို ကြွေးကြော်ခဲ့ခြင်း ဖြစ်သည်။
ဘာစီလိုနာသည် (၂၀၁၁)ခုနှစ်အတွင်း ၎င်းတို့၏ ပဉ္စမမြောက် ဆုဖလား အဖြစ် ကမ္ဘာ့ချန်ပီယံ ဘွဲ့ကို သိမ်းပိုက်နိုင်ခဲ့ခြင်း ဖြစ်သည်။ ကလပ် အသင်း၏ တရားဝင် ၀က်ဘ်ဆိုက်နှင့် အင်တာဗျူးတွင် ရိုဆဲလ်က “ဂွာဒီယိုလာရဲ့ အသင်းကတော့ ဘာစီလိုနာ သမိုင်းကြောင်းမှာ အကောင်းဆုံး အသင်းပဲလို့ ထင်ပါတယ်။ သူတို့ဟာ ဘောလုံးကို ဘယ်လို ထိန်းကျောင်း မောင်းနှင်ရမယ် ဆိုတာကို အရမ်း ပါးနပ် ကျွမ်းကျင်ပြီး နားလည် တတ်သိလွန်းတယ်။ ဘောလုံး ဘယ်လိုပေးမယ်၊ ဘယ်လိုခံခံကာကွယ်မယ် ဆိုတာတွေကို ကောင်းကောင်း ခံစားတတ်တယ်။ ဘာစီလိုနာရဲ့ ကစားဟန်ဟာ ကျက်သရေ ရှိလွန်းပါတယ်။ အသင်းရဲ့ လက်ရှိ အခြေအနေကို ကျွန်တော်တို့ ကျေနပ်ပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့ နောက်ထပ် ဆုဖလားတွေ ထပ်ယူနိုင်လေ၊ ကျွန်တော်တို့ အသင်းဟာ ကောင်းသထက် ကောင်းလေဆိုပြီး ဂုဏ်ယူနိုင်မှာ ဖြစ်ပါတယ်” ဟုလည်း ပြောဆိုသွားသည်။

No comments:
Post a Comment