Monday, November 21, 2011

လီယွန်နယ် မက်ဆီသည် ယခုနှစ် အတွင်း ဘာစီလိုနာ အတွက် သွင်းဂိုး(၅၀) ပြည့်မြောက်သွားပြီ

လီယွန်နယ် မက်ဆီသည် ယခုနှစ် အတွင်း ဘာစီလိုနာ အတွက် သွင်းဂိုး(၅၀) ပြည့်မြောက်သွားပြီ ဖြစ်ကြောင်း သိရှိရသည်။

စနေနေ့ ညက ဇာရာဂိုဇာအား ဥရောပ ချန်ပီယံ ဘာစီလိုနာက (၄-၀)ဖြင့် အနိုင် ရခဲ့သော ပွဲစဉ်တွင် မက်ဆီသည် (၂၀၁၁)ခုနှစ်အတွင်း ဘာစီလိုနာ အတွက် ရွှေရတု ဂိုးကို သွင်းယူ ပေးခဲ့သည်။ ထိုပွဲတွင် ဘာစီလိုနာ နည်းပြ ဂျိုးဆက်ဂွာဒီယိုလာ အနေနှင့် ကမ္ဘာ့အကောင်းဆုံး ဘောလုံးသမား ဆုရှင်ကို ပွဲထွက် ကစားစေခဲ့သည့် အတွက် မေးခွန်း ထုတ်စရာများ ဖြစ်လာခဲ့သေးသည်။ မက်ဆီသည် အာဂျင်တီးနားတွင် နိုင်ငံ လက်ရွေးစင် အတွက် ပြန်ကစားပြီး ခရီးဝေးမှ ပြန်လာရခြင်း ဖြစ်သည်။ သို့သော်လည်း မက်ဆီက ဂွာဒီယိုလာ၏ အားကိုး အားထားပြုမှုနှင့် ထိုက်တန်စွာ ခြေစွမ်းပြပြီး ယခုရာသီ အတွင်း ၎င်း၏ (၁၅)ဂိုးမြောက် လိဂ်ဂိုးကို သွင်းယူခဲ့သည်။
ဘာစီလိုနာ အတွက် ဂိုး(၅၀)ပြည့်သွားပြီ ဖြစ်သည့် မက်ဆီ

မက်ဆီသည် ဘာစီလိုနာ၏ ဒုတိယ ဦးဆောင်ဂိုးကို ဆက်စ်ဖာဘရီဂက်စ်၏ ဖန်တီးပေးမှုမှ တစ်ဆင့် သွင်းယူခဲ့ခြင်း ဖြစ်သည်။ ဘာစီလိုနာ အတွက် ဦးဆောင်ဂိုးကို ဂါရတ်ပီကေးက ဇာဗီဟာနန်ဒက်ဇ်၏ ပြစ်ဒဏ်ဘောအား ခေါင်းတိုက် သွင်းယူခဲ့သည်။ ပီကေးသည် ၎င်းမန်ချက်စတာ ယူနိုက်တက်တွင် ကစား နေစဉ်က ဇာရာဂိုဇာ အသင်းတွင် အငှား သွားကစားဖူးရာ အသင်းဟောင်းဘက် ဂိုးပြန်သွင်း နိုင်ခဲ့ခြင်းလည်း ဖြစ်သည်။ ဘာစီလိုနာအတွက် နောက်ထပ်(၂)ဂိုးကို ကားလက်စ်ပူယိုးလ်နှင့် ဒေးဗစ်ဗီလာတို့က အသီးသီး သွင်းယူခဲ့သည်။ ပွဲအပြီးတွင် ဂွာဒီယိုလာက မက်ဆီအား ချီးကျူးခဲ့ပြီး ကစားသမား၏ တောင်းဆိုမှုကြောင့် ၎င်းကို ပွဲထွက်အဖြစ် အသုံး ပြုခဲ့ခြင်း ဖြစ်ကြောင်း ပြောကြားသွားသည်။

No comments:

Post a Comment